ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံကော်ဖီဥယျာဉ်အဖြစ်ဖွင့်

2022-06-23 22:44:00
fitc SNK
Original 3042
Summary : စိုက်ပျိုးရေးကို အခြေခံသည့် ခရီးသွားလည်ပတ်စရာနေရာတစ်ခုအဖြစ် ပြင်ဦးလွင်မြို့၊ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်)အား ကော်ဖီဥယျာဉ်အဖြစ် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်)အား ကော်ဖီဥယျာဉ်အဖြစ် ဖွင့်လှစ်


စိုက်ပျိုးရေးကို အခြေခံသည့် ခရီးသွားလည်ပတ်စရာနေရာတစ်ခုအဖြစ် ပြင်ဦးလွင်မြို့၊ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်)အား ကော်ဖီဥယျာဉ်အဖြစ် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်အဖြစ် ပိုမိုထင်ရှားစေရန်၊ မြန်မာ့ကော်ဖီအရည်အသွေးနှင့် ထုတ်လုပ်မှုတိုးတက်ပြီး ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ထိုးဖောက်နိုင်စေရန်နှင့် မြန်မာ့ကော်ဖီအကြောင်း အများပြည်သူ ပိုမိုသိရှိလာစေရန် ရည်ရွယ်ချက်များဖြင့် ပြင်ဦးလွင်မြို့ရှိ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်)အား ကော်ဖီအပန်းဖြေဥယျာဉ်အဖြစ် စတင်ဖွင့်လှစ်ခြင်းဖြစ်သည်။

“ကော်ဖီစိုက်ပျိုးတဲ့ဒေသတွေမှာ စီးပွားရေးဖွံ့ဖြိုးအောင်ဆောင်ရွက်ဖို့အတွက် လမ်းညွှန်ချက်အတိုင်း ပြင်ဦးလွင်၊ မေမြို့ ၊ ပန်းမြို့တော်၊ တောင်လှေကားမြို့တော် နာမည်မျိုးစုံနဲ့ကျော်ကြားသလို ကော်ဖီမြို့တော် ဖြစ်အောင်ရည်ရွယ်ပြီး ဆောင်ရွက်နေတာပါ။ မြန်မာနိုင်ငံရဲ့ ကော်ဖီအကြောင်းကို သိရှိအောင် ပွေးတောင်ကော်ဖီခြံမှာ ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ ဒီကော်ဖီခြံက မြန်မာပြည်မှာ စီးပွားဖြစ်ကော်ဖီပင် စတင်စိုက်ပျိုးခဲ့တဲ့နေရာဖြစ်လို့ အနှစ် ၆၀-၇၀ကျော် အရိပ်ရအပင်တွေရှိပြီး ကော်ဖီပင်မျိုးစုံကို စိုက်ပျိုးထားပါတယ်” ဟု ဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးကပြောသည်။


ပွေးတောင် ကော်ဖီအပန်းဖြေဥယျာဉ်မှာ ခြံဧရိယာ ၃၈၆ ဧကကျော် ကျယ်ဝန်းပြီး ခြံအတွင်း သဘာဝစိမ့်စမ်းရေမြောင်းနှင့် ကော်ဖီသမိုင်းပြတိုက်ကို ထည့်သွင်းထားပြီး ကော်ဖီစိုက်ပျိုး ထုတ်လုပ်ပုံအဆင့်ဆင့်အား ခင်းကျင်းပြသထားခြင်း၊ မြန်မာနိုင်ငံဒေသအသီးသီးမှ ကော်ဖီမျိုးကွဲ အမျိုးမျိုးအား လေ့လာနိုင်ခြင်း၊ မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးရာ ဒေသအသီးသီးမှထွက်ရှိသည့်ကော်ဖီများအား တစ်စုတစ်စည်းတည်း ရောင်းဝယ်ဖောက်ကားနိုင်ခြင်း၊ နှစ်ရှည်ပင်များနှင့် နှစ်‌ပေါင်း(၁၀၀)ကျော်ရှိ သက်တမ်းရင့် ရှားပါးညောင်မုတ်စိတ်ပင်စသည့် သဘာဝအရင်းအမြစ်များကို လေ့လာနိုင်မည်ဖြစ်သည်။

“ပုဂ္ဂလိကကော်ဖီပညာပေးပြခန်း၊ ဝန်ကြီးဌာန ကော်ဖီပညာပေးခန်း၊ ကော်ဖီနဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ပြည်သူများ ပြင်ဦးလွင်ကို ရောက်ရင်လေ့လာနိုင်အောင် ဖန်တီးပေးထားပါတယ်။ ဒီကော်ဖီဥယျာဉ်ဟာ မြန်မာနိုင်ငံရဲ့ ကော်ဖီသမိုင်းကိုလည်း သိရမယ်။ ကော်ဖီကို စိုက်တဲ့နေရာမှာ မျိုးကနေ အရည်အသွေးကောင်း ကော်ဖီထွက်ရှိအောင် ဘယ်လိုပြုပြင်ထုတ်လုပ်ရမယ်။ ဈေးကွက်မှာ အကြိုက်ဆုံးကော်ဖီတွေအကြောင်း မြန်မာကော်ဖီဈေးကွက်ရရှိနေမှုတွေကို အများပြည်သူသိရှိအောင် ကော်ဖီသောက်သုံးမှု ၊ ကော်ဖီယဉ်ကျေးမှုတွေကို မိတ်ဆက်ပေးတာပါ။ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုကွင်းဆက် တစ်ခုလုံးဟာ မြန်မာစီးပွားရေးမှာ အရေးပါတဲ့ အဓိက သီးနှံတစ်မျိုးဖြစ်လာမှာပါ”ဟု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆက်လက်ပြောသည်။

ရွှေနွယ်ကြိုး

Add a comment