ကျပ်၅ဘီလီယံစိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

2022-05-27 23:16:00
fitc Kaungkaung
Original 323
Summary : ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် ညနေ ၃ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်၊ ဇောတိက(၃)လမ်းရှိ ဇော်မင်းစိုး၏နေအိမ်ကို သတင်းအရဝင်ရောက်ရှာဖွေရာ ကျော်ကျော်အောင်၊ ဝင်းထွန်း၊ လှစိန်မောင်၊ ချစ်ဦးမောင်၊ ဇင်မင်းကို၊ လွင်မင်းထိုက်နှင့် သက်ပိုင်ဦးတို့ ၇ ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းနှင့် မြန်မာငွေကျပ်သိန်း ၁၅၀ တို့ သိမ်းဆည်းရမိခဲ့ပြီး ဆက်လက် စစ်ဆေးဖော်ထုတ်ချက်အရ ည ၁၂ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၃)ရပ်ကွက်၊ စံပယ်လမ်းရှိ ဇော်မင်းစိုးက ကျော်ကျော်အောင် အမည်ဖြင့် ငှားပေးထားသည့်နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၄၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ကွင်းဆက်အရ မေ ၁၈ ရက် နံနက် ၁၀ နာရီတွင် မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ဇေယျာသီရိ(၃)ရပ်ကွက်၊ ခူဒိုင်လမ်းနေ မမီးငယ်စိုး (ခ) သီတာစိုးကို မြန်မာငွေကျပ် ၈၅ သိန်းနှင့်လည်းကောင်း၊ ပြည့်စုံနှင့် ကျော်သူ တို့အား HINO ၆ ဘီး မော်တော်ယာဉ်တစ်စီး၊ မြန်မာငွေကျပ်သိန်း ၄၀ တို့နှင့်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ရန်ကုန်မြို့သို့ သယ်ဆောင်ပြီး ဖမ်းမိနေအိမ်များ၌ သိုလှောင်၍ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သို့ သယ်ဆောင် ရောင်းဝယ်ကြောင်း သိရသည်။

သယ်ဆောင်ရောင်းဝယ်သူ ဇော်မင်းစိုးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ကောင်းကောင်း
Add a comment