တောင်ခမ်းဈေးနေ့ (၃)

2022-04-26 23:06:00
fitc Aungaungmyint
Original 9563
Summary : ဈေးအတွင်းလှည့်ပတ်ကြည့်ရင်း ကုန်စိမ်းတန်းက ဈေးသည်များကို သိချင်တာလေးတွေ မေးဖြစ်သည်။ ဈေးသည်များမှာ တောင်ရှည်၊ တောင်ခမ်း၊ ကံကြီး၊ နောင်ချိုကြီးစသော ကျေးရွာများကဖြစ်သည်။

တောင်ခမ်းဈေးနေ့ (၃)


ဈေးအတွင်းလှည့်ပတ်ကြည့်ရင်း ကုန်စိမ်းတန်းက ဈေးသည်များကို သိချင်တာလေးတွေ မေးဖြစ်သည်။ ဈေးသည်များမှာ တောင်ရှည်၊ တောင်ခမ်း၊ ကံကြီး၊ နောင်ချိုကြီးစသော ကျေးရွာများကဖြစ်သည်။

“ခရမ်းသီးက တစ်ပိသာ ခြောက်ရာ။ မုံလာပွင့်တို့ ကော်ဖီထုတ်တို့က အကြီးအသေးလိုက်လို့ ၁၅၀၊ ၂၀၀ နဲ့ရောင်းတယ်။ ဒီနယ်ထွက်သီးနှံတွေမို့ ဒီဈေးနဲ့ရောင်းနိုင်တာပါ။ အထွက်များလာချိန်မှာ ဈေးက ၁၀၀ လောက်ပဲ ရှိတယ်” ဟု နောင်ချိုငါးရက်တစ်ဈေးနေ့များ၌ စိုက်ခင်းထွက် ကုန်စိမ်းသီးနှံများရောင်းချသည့် နောင်တောကျေးရွာမှ ဓနူတိုင်းရင်းသူအမျိုးသမီးတစ်ဦး ကပြောသည်။

“မြေနီရောင်အခွံနဲ့ အာလူးက အောင်ပန်းကလာတာ။ မြေနက်ရောင်အခံနဲ့ အာလူးက ကံကြီးနယ်နဲ့ တောင်ခမ်းနယ်ကထွက်တာ။ အဖြူရောင်အာလူးက ပြင်ဦးလွင်မြို့နယ် ဘန့်ဘွေးကလာတာ။ ဈေးကတော့ မကွာလှပါဘူး။ တစ်ပိသာမှ ၆၀၀ ကနေ ၈၀၀ အထိပဲ။ သူ့အကြိုက် ကိုယ့်အကြိုက်မတူတော့ ကြိုက်တဲ့အာလူး ဝယ်ကြတာပါပဲ” အာလူးသီးသန့်ရောင်းချသည့် ဈေးသည် လေးဦးတွေ့ရသည်။ သူတို့ဆီက သည်ရက်ပိုင်းဈေးနှုန်းရော အာလူးထွက်ရာဒေသပါ ခွဲခြားပြောပြသဖြင့် နောက်ထပ်မေးစရာမလိုတော့ပြီ။

နောင်ချိုမြို့နယ်က ရှမ်းပြည်နယ်အတွင်းပါသော်လည်း မြို့နယ်အတွင်းနေထိုင်သူအများစုမှာ ဓနူတိုင်းရင်းသားများ ဖြစ်သည်။ ကျေးရွာနေထိုင်သူအားလုံးနီးပါး၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းက စိုက်ပျိုးရေးလုပ်ငန်း။ နောင်ချိုနယ်ငါးရက်ဈေးနေ့များတွင် လှည့်လည်ရောင်းချသည့် ဈေးသည်အများစုမှာ ငါးရက်တစ်ဈေး ဈေးစဉ်ရက်အလိုက်ရောင်းချသည့် ဓနူတိုင်းရင်းသား အမျိုးသား၊ အမျိုးသမီးများ ဖြစ်သည်။

တောင်ခမ်းဈေးနေ့မှာ တောင်ခမ်းနှင့် ၈မိုင်ကျော်ကွာဝေးသည့် သရက်ချိုနှင့် ယာပြင်ရွာကထွက်သော လက်ဖက်ခြောက် လာရောက်ရောင်းချသည့် ပလောင်တိုင်းရင်းသူ အမျိုးသမီးကြီးများ တွေ့ရသည်။ သည်ရွာတွေက နောင်ချို-ရပ်စောက်သွားလမ်းမကြီးအတွင်းပိုင်းက ရွာတွေ။ သရက်ချိုရွာက တောင်ပေါ်ရွာ။ ယာပြင်ရွာက တောင်အောက်ရွာဖြစ်သည်။ နှစ်ရွာစလုံး ပလောင်တိုင်းရင်းများချည့် နေထိုင်သည့်ရွာတွေ ဖြစ်သည်။ လက်ဖက်ပင်ကို ကိုယ်တိုင်စိုက်ပျိုးသည်။ လက်ဖက်ထွက်ချိန်မှာ လက်ဖက်စိုထက် လက်ဖက်ခြောက် ထုတ်လုပ်ရောင်းချသူများသည်။ သရက်ချိုနှင့် ယာပြင်ထွက် လက်ဖက်ခြောက်ကို တစ်ပိသာ ၇၀၀၀ ကျပ်ဈေးဖြင့်ရောင်းချရာ ဈေးခြင်းတူသော်လည်း တောင်ပေါ်သရက်ချိုရွာကထွက်သည့် လက်ဖက်ခြောက်က ပိုကောင်ကြောင်း လက်ဖက်ခြောက်ဈေးသည် ဓနူအမျိုးသမီးတစ်ဦးက ပြောပြသည်။

“အရင်က ဒေသထွက်ဆန် ရောင်းသူတွေရှိခဲ့တယ်။ အခုတော့ သည်နယ်မှာ သစ်တော ဝါးတောကြီးတွေ ပြုန်းသွားလို့ သဘာဝရေထွက်တွေပါ ပျောက်သွားတယ်။ ရေမရတော့ စပါးမစိုက်နိုင်ကြတော့ဘူး။ စပါးမစိုက်နိုင်တော့ ဒေသထွက်ဆန် ရောင်းတဲ့သူပါ ပျောက်သွားတယ်”

ဟုတ်ပေသားပဲ - ။ ဥတုရာသီ တောကိုမှီ၏။ တောတောင်စိမ်းမှ စမ်းရေရ၏လို့ သစ်တောဋ္ဌာနက ကြေညာထားသည် မဟုတ်ပါလား။ အခုနောင်ချိုနယ်မြောက်ဖက်ပိုင်းရွာများမှာ စိမ့်စမ်းရေမရတော့သဖြင့် စပါးပင်စိမ်းလဲ့လဲ့များ မတွေ့ကြရတော့။ ၆နှစ် ၇နှစ်ရှိသွားပြီဆိုပဲ။
 
တောင်ခမ်းဈေးနေ့မှာ ဈေးသည်ဈေးဝယ်များဖြင့် စည်ပါသည်။ ဈေးထဲမှာ ဒေသအစားအစာရောင်းချသည့် စားသောက်ဆိုင်တွေ ရှိသည်။ သည်အထဲမှာ ဈေးဝယ်လာသူများ လက်မလွတ်တမ်းစားသောက်သည့် ရှမ်းတိုဟူးနွေး အရောင်းဆိုင်တွေရှိသည်။ ရှမ်းတိုဟူးနွေးရောင်းချသည့် ဈေးအတွင်း အရှေ့မြောက်ဖက်တန်းက တိုဟူးနွေးဆိုင်မှာ အဆာလည်းပြေ ဒေသဗဟုသုတလည်းရ သဘောဖြင့် ဝင်ရောက်စားဖြစ်သည်။ ပူပူနွေးနွေး တိုဟူးနွေးတစ်ပွဲမှ ငါးရာ။

တိုဟူးနွေးစားပြီးချိန်မှာ ဆိုင်ကချပေးသည့် ရေနွေးကြမ်းတစ်ခွက် သောက်လိုက်သည်။ အရသာရှိသည့် ရှမ်းတို့ဟူးနွေးနှင့် သောက်လို့ကောင်းသည့် ရေနွေးကြမ်း(လက်ဖက်ရည်)ပါတည်း။

တောင်ခမ်းဈေးနေ့မှာ စားခဲ့သော တိုဟူးနွေးနှင့် သောက်ခဲ့သော ရေနွေးကြမ်းက မမေ့နိုင်စရာ ဒေသအစားအစာ ဖြစ်ပေတော့သည်။

 အောင်အောင်မြင့်

Add a comment