ကွမ်းလုံတံတားသစ်အတွက် တရုတ်အင်ဂျင်နီယာ ၄ဦး ထပ်ရောက်

2020-07-17 18:13:00
fitc Ma Ma (Lashio)
Original 242
Summary : ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် အသစ်တည်ဆောက်မည့် သံလွင်မြစ်ကူး ကွမ်းလုံကြိုးတံတားသစ် စီမံကိန်းအတွက် တရုတ်နိုင်ငံမှ တံတားအင်ဂျင်နီယာ ၄ ဦးသည် တတိယအသုတ်အဖြစ် ချင်းရွှေဟော်နယ်စပ်ဂိတ်မှတဆင့် ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာကြောင်း သိရသည်။

သံလွင်မြစ်ကူး ကွမ်းလုံကြိုးတံတားအသစ် စီမံကိန်းအတွက် တရုတ်နိုင်ငံဖက်မှ အင်ဂျင်နီယာ ၄ ဦး ထပ်မံ ရောက်ရှိ

 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် အသစ်တည်ဆောက်မည့် သံလွင်မြစ်ကူး ကွမ်းလုံကြိုးတံတားသစ် စီမံကိန်းအတွက် တရုတ်နိုင်ငံမှ တံတားအင်ဂျင်နီယာ ၄ ဦးသည် တတိယအသုတ်အဖြစ် ချင်းရွှေဟော်နယ်စပ်ဂိတ်မှတဆင့် ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာကြောင်း သိရသည်။

 

“ဇူလိုင်လ ၁၆ ရက်နေ့က ချင်းရွှေဟော် တရုတ်-မြန်မာနှစ်နိုင်ငံ ဝင်ထွက်ပေါက် နမ့်ဖာဟော်တံတားက တဆင့် ဝင်ရောက်လာတာပါ။ တံတားအင်ဂျင်နီယာ ၄ ဦးဖြစ်ပါတယ်။ တတိယအသုတ် အနေနဲ့ ရောက်လာတာပါ။ သူတို့ကို COVID-19 အတွက် ကျန်းမာရေးစစ်ဆေးတာတွေ လုပ်ဆောင်ပေးပါတယ်။ လက်ရှိအချိန်ထိ တရုတ်ဖက်က တံတားအင်ဂျီနီယာ ၂၃ ဦး ရောက်ရှိပါပြီ” ဟု Oriental ကုမ္ပဏီမှ အဆိုပါလမ်းပိုင်း တာဝန်ရှိသူ အင်ဂျင်နီယာ ဦးမိုးကျော် ကပြောသည်။

 

သံလွင်မြစ်ကူး ကွမ်းလုံကြိုးတံတားသစ် စီမံကိန်းကို တရုတ်နိုင်ငံမှ ပညာရှင်များအကူအညီဖြင့် တည်ဆောက်မည်ဖြစ်ရာ တရုတ်နိုင်ငံ ယူနန်လမ်းတံတားကုမ္ပဏီမှ အင်ဂျင်နီယာပညာရှင်များသည် ဇွန်လ ၂၀ ရက်နေ့က တံတားအင်ဂျင်နီယာ ၈ ဦးသည် ပထမအသုတ်၊ ဇူလိုင်လ ၂ ရက်နေ့က ဒုတိယအကြိမ် ပညာရှင် ၁၁ ဦးသည် ဒုတိယအသုတ်အဖြစ် ရောက်ရှိခဲ့ကြပြီး စက်ယန္တယာအချို့လည်း ရောက်ရှိနေပြီဖြစ်ကာ လက်ရှိအခြေအနေတွင် တရုတ်ပညာရှင်များက တံတားသစ်စီမံကိန်း ကာလအတွင်း နေထိုင်ရန် အဆောက်အဦများ စတင်ဆောက်လုပ်နေပြီဖြစ်သည်။

 

လက်ရှိအသုံးပြုနေသည့် သံလွင်မြစ်ကူး ကွမ်းလုံကြိုးတံတားသည် သိန်းနီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်း မိုင်တိုင် အမှတ် ၅၁/၇ နှင့် ၅၂/၁ အကြားတွင် တည်ရှိခြင်းဖြစ်ပြီး ၁၉၆၄ ခုနှစ်က တရုတ်ပညာရှင်များ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ပြီး ၁၉၆၅ ခုမှ ယနေ့တိုင်အသုံးပြုနေခြင်းဖြစ်သည်။ တံတားခံနိုင်ဝန်မှာ ၂၅ တန်သာရှိနေခြင်း၊ လမ်းအကျယ်မှာ ၁၉ ပေ ၆ လက်မသာရှိခြင်း၊ နှစ်ပေါင်း ၅၀ ကျော်ကြာ အသုံးပြုထားသည့်အတွက် တံတားခံနိုင်ဝန် ကျဆင်းလာနေပြီဖြစ်ကြောင်း သိရသည်။

 

“တရုတ်-မြန်မာ ကုန်သွယ်မှုအတွက် လားရှိုး-လင်ချန်း အလွယ်တကူဆက်သွယ်သွားလာနိုင်ဖို့ ကွမ်းလုံကြိုးတံတားကြီးက အရေးပါလာတယ်။ တံတားဟောင်းက ခံနိုင်ဝန် ၂၅ တန်၊ လမ်းအကျယ်က ပေ ၂၀ မပြည့်တော့ ကုန်ကားတွေသွားရတာခက်တယ်။ ကုန်စည်များများ ပို့နိုင်တင်နိုင်အောင် လမ်းကောင်းဖို့ တတားတွေကောင်းနေဖို့လိုတယ်လေ” ဟု ကုန်သည် ဒေါ်နန်းခမ်း ကပြောသည်။

 

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်မှုတိုးမြင့်ရေးနင့် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုရတို့ ပူးပေါင်းသဘောတူညီချက်အရ သံလွင်မြစ်ကူး ကွမ်းလုံကြိုးတံတားအသစ်ကို တည်ဆောက်နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လင်း က လွှတ်တော်တွင် ပြောထားသည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့နှင့် ဆက်စပ်လျက်ရှိသည့် လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင်  အသစ်တည်ဆောက်မည့် သံလွင်မြစ်ကူး ကွမ်းလုံကြိုးတံတားသစ် စီမံကိန်းသည် ၃ နှစ်ခန့် ကြာမြင့်မှာဖြစ်ပြီး လမ်းတံတားအမျိုးအစားမှာ ၂၈၆ မီတာအရှည်ရှိပြီး PC Box Girder အမျိုးအစားဖြစ်ကာ တံတားခန့်နိုင်ဝန်မှာ ၇၅ တန်ဖြစ်သည်ဟု သိရသည်။

 

မမ (လားရှိုး)

Photo: Oriental

Add a comment