ကောင်စစ်ဝန်ချုပ် Mr. CHEN CHEN ၏ အဖွင့်အမှာစကား

2020-06-10 11:04:00
fitc Ko Khant
Original 339
Summary : မန္တလေးအခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. CHEN CHEN ၏ ဇွန်လ ၈ ရက်နေ့က ကျင်းပသော တရုတ်-မြန်မာသံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် “ကိုဗစ်အလွန် မြန်မာ့စီးပွားမြှင့်တင်ရေးနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေး” အွန်လိုင်းဖိုရမ်တွင် ပြောကြားသော အဖွင့်အမှာစကား

မန္တလေးအခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. CHEN CHEN ၏ ဇွန်လ ၈ ရက်နေ့က ကျင်းပသော တရုတ်-မြန်မာသံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် “ကိုဗစ်အလွန် မြန်မာ့စီးပွားမြှင့်တင်ရေးနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေး” အွန်လိုင်းဖိုရမ်တွင် ပြောကြားသော အဖွင့်အမှာစကား

 

လေးစားအပ်ပါသော မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် ခင်ဗျား။

လေးစားအပ်ပါသော တရုတ်-မြန်မာနှစ်နိုင်ငံမှ ပညာရှင်များ ခင်ဗျား။

အားလုံးမင်္ဂလာပါ။

            မအားလပ်တဲ့ကြားမှ အားလုံး ဒီဖိုရမ်ကို တက်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားလုံးက ကိုယ့်ရဲ့နယ်ပယ်မှာ နာမည်ကြီးတဲ့ ပညာရှင်များဖြစ်ကြပြီး တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အမြဲဂရုစိုက်ပြီး ထောက်ခံအားပေးနေကြပါတယ်။ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ ရေရှည်ကြိုးပမ်းအားထုတ်မှုများနဲ့ ကူညီပံ့ပိုးမှုများအတွက် အားလုံးကို လေးစားပါကြောင်း ကျွန်တော် ပထမဦးဆုံး ပြောကြားလိုပါတယ်။

            လွန်ခဲ့တဲ့ နှစ်(၇၀)က ဒီနေ့မှာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံသည် သံတမန်ဆက်ဆံရေးကို တရားဝင် ထူထောင်ခဲ့ပါတယ်။ နှစ်ပေါင်းထောင်ချီတဲ့ တရုတ်-မြန်မာဆက်ဆံရေးအတွက် မှတ်တိုင်သစ်တစ်ခု ထူထောင်နိုင်ခဲ့တယ်။ ဒီလိုအရေးကြီးတဲ့ မင်္ဂလာအချိန်မှာ အထိမ်းအမှတ်ဖြစ်ဖို့အတွက် မန္တလေးမြို့ အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးသည် မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း နဲ့အတူ “ကိုဗစ်အလွန် မြန်မာ့စီးပွားမြှင့်တင်ရေးနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေး” အွန်လိုင်းဖိုရမ်ကို ပူးပေါင်းကျင်းပပါတယ်။ နှစ်နိုင်ငံ Think Tank နဲ့ ကျွမ်းကျင်ပညာရှင်များကို ဖိတ်ကြားပြီး တရုတ်-မြန်မာဆက်ဆံရေးအတွက် မျှော်လင့်ချက်များနဲ့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် အနာဂတ်အလားအလာများကို မျှဝေ၍ ခေတ်သစ်ကာလမှာ တရုတ်-မြန်မာဆက်ဆံရေးကောင်းမွန်၊ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကြံဉာဏ်ကောင်းများ အတူတကွပေးဆောင်ကြပါမယ်။

            ၂၀၂၀ ခုနှစ်သည် တရုတ်-မြန်မာဆက်ဆံရေးအတွက် ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ နှစ်ဦးပိုင်းမှာ သမ္မတ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံကို တရားဝင်ချစ်ကြည်ရေး ခရီးစဉ်လာရောက်ပြီး သမိုင်းဝင်တဲ့ရလဒ်ကောင်းများ ပိုမိုရရှိခဲ့ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်ကြီးများသည် တရုတ်-မြန်မာ နှစ်နိုင်ငံ အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးရာမှာ အရေးပါတဲ့ သဘောတူညီမှုအမြင်များ ရရှိခဲ့ပြီး နှစ်ဦးနှစ်ဖက်မှ အရေးကြီးတဲ့ သဘောတူညီမှုစာချုပ် များစွာ ချုပ်ဆိုခဲ့ပါတယ်။ ဒီတစ်ကြိမ် လာရောက်တဲ့ ချစ်ကြည်ရေးခရီးစဉ်သည် တရုတ်-မြန်မာဆက်ဆံရေးကို မကြုံစဖူး သမိုင်း အမြင့်သို့ တွန်းပို့နိုင်ခဲ့ပြီး နှစ်နိုင်ငံပြည်သူများကလည်း ဒီခရီးစဉ်သည် တရုတ်-မြန်မာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အမိုင်းဝင်တဲ့ အခွင့်အလမ်းကောင်းများ ရရှိနိုင်မယ် လို့ မျှော်လင့်နေကြပါတယ်။ သမ္မတရှီ ဒီခရီးစဉ်မှာ အရေးကြီးတဲ့ နိုင်ငံရေးအောင်မြင်မှု ရလဒ်တစ်ခုကတော့ တရုတ်-မြန်မာ ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းကို အတူတကွတည်ဆောက်ဖို့ နှစ်ဦးနှစ်ဖက် တညီတညွတ်တည်း သဘောတူခြင်းပဲဖြစ်ပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီမဟာဗျူဟာမြောက် သဘောတူညီမှုအမြင် မှတဆင့် နှစ်နိုင်ငံ နှစ်ပေါင်းထောင်ချီဆက်ဆံတဲ့သမိုင်းမှာ နှစ်ဦးနှစ်ဖက်သည် ပထမဆုံး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး “တစ်လှေတည်းစီး တစ်ခရီးတည်းသွား၊ အခက်အခဲများကို အတူကျော်လွှား” ဆိုတဲ့ စိတ်ဓာတ်ကို နှစ်နိုင်ငံဆက်ဆံရေးရဲ့ ရှေ့ဆောင်လမ်းပြ၊ နှစ်နိုင်ငံပြည်သူများရဲ့ အခြေခံ အကျိုးစီးပွားကို ဆောင်ရွက်တဲ့ လမ်းညွှန်အဖြစ် အကောင်အထည် ဖော်ခဲ့ပါတယ်။

            ၂၀၂၀ ခုနှစ်သည် တရုတ်နိုင်ငံနဲ့ တစ်ကမ္ဘာလုံးအတွက် ပုံမှန်မဟုတ်တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ နွေဦးရာသီထက် ခြေတစ်လှမ်းစောပြီး ရောက်လာတာကတော့ လူသားများကို ဒုက္ခပေးတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) ပဲ ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခိုင်မာတဲ့ ဦးဆောင်မှု အောက်မှာ တရုတ်ပြည်သူ သန်းပေါင်း(၁၄၀၀)တို့သည် တစ်စိတ်တစ်ဝမ်းတည်းနဲ့ စည်းလုံးညီညာ အောင်ကြောင်းဖြာပြီး ပြီးပြည့်စုံဆုံး၊ အတင်းကျပ်ဆုံး၊ အပြတ်သားဆုံး ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို ကျင့်သုံးခဲ့တယ်။ မဆုတ်မနစ်ကြိုးစားအားထုတ်မှု၊ ကြီးမားတဲ့ပေးဆပ်မှုနဲ့ ဆုံးရှုံးမှု တို့ကြောင့် တရုတ်နိုင်ငံမှာ ယခုအချိန်မှာ ကိုဗစ်-၁၉ ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပါပြီ၊ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများလည်း ပြန်လည်လည်ပတ်နေပါပြီ။ လွန်ခဲ့တဲ့ (၃)လက ကျွန်တော်စရောက်ခါစက မီဒီယာများကို ပြောခဲ့သလိုပါပဲ။ ဒီ ကိုဗစ်-၁၉ တိုက်ပွဲကိုအောင်မြင်ဖို့ တရုတ်နိုင်ငံက လုံးဝယုံကြည်ချက် ရှိတယ်။ အင်အားရှိတယ်။ ဒီလိုယုံကြည်ချက်များ ဘယ်ကလာသလဲ။ တရုတ်နိုင်ငံမှာရှိတဲ့ အောင်မြင်ခြင်းရတနာ(၃)ခုကလာတာပါ။ ဒီ(၃)ခုက နံပါတ်(၁) သမ္မတရှီကျင့်ဖျင်ဦးဆောင်တဲ့ ဗဟိုပါတီကော်မတီရဲ့ ခိုင်မာတဲ့ လမ်းညွှန်မှုနဲ့ သိပ္ပံနည်းကျတဲ့ဖြန့်ကျက်မှု၊ နံပါတ်(၂) တရုတ်လူမျိုးများရဲ့ မလျော့တဲ့ ဇွဲလုံ့လဝီရိယနဲ့ အခက်အခဲများကို စည်းစည်းလုံးလုံး ရင်ဆိုင်ကျော်လွှားတဲ့ အမျိုးသားရေးစိတ်ဓာတ်၊ နံပါတ်(၃) လူသားကံကြမ္မာတူ အသိုက်အဝန်းရဲ့ ကောင်းအတူဆိုးအတူ၊ အပြန်အလှန် ကူညီဖေးမဆိုတဲ့ နိုင်ငံခြားရေးရာဆက်ဆံရေး သဘောတရားနဲ့ ရည်မှန်းချက်တို့ဖြစ်ပါတယ်။

 ကိုဗစ်-၁၉ သည် လူသားများအားလုံးရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုဖြစ်တာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက လက်တွဲပူးပေါင်းပြီး ရင်ဆိုင်တိုက်ဖျက်ဖို့လိုတယ်။ တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ဖြစ်ပွားတာနဲ့ ထိရောက်တဲ့ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို ချက်ချင်းကျင့်သုံးပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်များကို အချိန်မီ ပေးပို့ခဲ့တာကြောင့် အခြားနိုင်ငံများအတွက် ကိုဗစ်-၁၉ ကို ကာကွယ်တိုက်ဖျက်ဖို့ အဖိုးတန်တဲ့အချိန်များ ရယူပေးခဲ့၍ ထိရောက်တဲ့ ရည်ညွှန်းကိုးကားချက်များလည်း ပေးနိုင်ခဲ့တယ်။ မြန်မာနိုင်ငံကို ဥပမာပေးပြီး ပြောပါမယ်။ ကပ်ရောဂါ မဖြစ်ခင်က တရုတ်- မြန်မာ နှစ်နိုင်ငံအကြား အပတ်စဉ် တိုက်ရိုက်ပျံသန်းနေတဲ့ လေကြောင်းလိုင်း (၁၅၀)ကျော်ရှိတယ်။ နှစ်နိုင်ငံနယ်စပ်ဂိတ်မှာ နေ့စဉ် လူဦးရေ(၁)သိန်း နီးပါးလောက်က ဝင်ထွက် သွားလာနေကြတယ်။ ဒါပေမယ့် ဒီနေ့ထိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူများထဲမှာ တရုတ်နိုင်ငံက သယ်ဆောင်လာတာ မရှိသလောက်နည်းပါးတယ်။ ဒါက  တရုတ်နိုင်ငံမှာ ကျင့်သုံးတဲ့ နည်းလမ်းများက ထိရောက်မှုရှိတာကြောင့်ပဲ ဖြစ်ပါတယ်။      

အခြားနိုင်ငံများမှာ ရောဂါဆိုးရွားနေချိန်မှာ တရုတ်နိုင်ငံက ကူညီပံ့ပိုးမှုများ အချိန်မီပေးခဲ့တယ်။ သမ္မတရှီကျင့်ဖျင် (၇၃)ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ ဗွီဒီယိုကွန်ဖရင့်မှာ နိုင်ငံတကာကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးတဲ့ အကြံပြုချက် (၆)ချက်ကို ပြောကြားခဲ့တယ်။ တရုတ်နိုင်ငံက (၂)နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ(၂)ဘီလီယံကို နိုင်ငံတကာ ကူညီထောက်ပံ့ရေးမှာ အသုံးပြုသွားမှာဖြစ်ပြီး ကပ်ရောဂါသက်ရောက်မှုရှိတဲ့နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ လူမှုစီးပွား ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုသွားမယ်။ တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းလုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် သိုလှောင်ရုံနဲ့ ချိတ်ဆက်မှုများကို တည်ဆောက်ကာ ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းများ အချိတ်အဆက်မိရေး အာမခံမှုရှိအောင် ကြိုးပမ်းသွားမယ်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးနဲ့ အကောက်ခွန်ကိစ္စရပ်များ အဆင်ပြေစေရေးအတွက်လည်း ဆောင်ရွက်သွားမယ်။ “ဆင်းရဲနွမ်းပါးမှု အရှိဆုံးနိုင်ငံများရဲ့ အကြွေးဆပ်မှုကို ယာယီရပ်ဆိုင်းရန် အဆိုပြုချက်”ကို G20 အဖွဲ့ဝင်နိုင်ငံများနဲ့အတူ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ ကပ်ရောဂါဒဏ် အဆိုးရွားဆုံးခံရတဲ့နိုင်ငံများနဲ့ ဖိအားအလွန်များတဲ့နိုင်ငံများအတွက် ပံ့ပိုးမှုများ တိုးမြှင့်သွားမယ်ဖြစ်ပြီး လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲများကို ကျော်လွှားနိုင်အောင် ကူညီဖေးမပေးမယ်။ တရုတ်နိုင်ငံက အဆိုပြုချက်နဲ့ ဆောင်ရွက်ချက်များက ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ချီးမွမ်းခြင်းကို ခံရတယ်။

“လူလုပ်ဘေးက သဘာဝဘေးထက်ပိုပြီး ကြောက်စရာ ကောင်းပါတယ်။” အနောက်တိုင်းနိုင်ငံရေးသမား အနည်းစုက နိုင်ငံရေးဗိုင်းရပ်စ်များဖြန့်နေကြခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ထက်ပိုပြီး မုန်းစရာကောင်းတယ်။ တရုတ်နိုင်ငံက အစကတည်းက ပွင့်လင်းမြင်သာပြီး တာဝန်ယူစိတ် အပြည့်ရှိတယ်။ ကပ်ရောဂါနဲ့ ပတ်သက်လို့ ဖုံးကွယ်ထားတာ။ အချိန်နှောက်နှေးအောင်လုပ်တာတွေ မရှိခဲ့ပါဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံတွင်းက သေးသိမ်တဲ့ နိုင်ငံရေးသမာေတစ်ချို‌ေက နိုင်ငံတွင်းနိုင်ငံရေးကြောင့် အစွမ်းရှိသမျှသုံး၊ အရင်ထက်ပိုဆိုးကာ ဘာမဆိုလုပ်ပြီး တရုတ်နိုင်ငံကို အမျိုးမျိုး ပြစ်တင်ပြောဆို တိုက်ခိုက်ကာ တရုတ်နိုင်ငံက တာဝန်ပျက်ကွက်တယ်။ ကပ်ရောဂါကို တိုက်ဖျက်ရေးမှာ အားနည်းတယ် လို့ စွပ်စွဲဖို့ ကြိုးပမ်းနေကြတယ်။ အမေရိကန်တွင်နေထိုင်တဲ့ အမေရိကန်နိုင်ငံသား အာရှသားများရဲ့ မျိုးဆက်များသည် ဆိုးရွားတဲ့ ငြိုငြင်မှုခံရပြီး လူမျိုးရေးခွဲခြားမှုများနဲ့ တိုက်ခိုက်ခြင်းများ ခံနေရပါတယ်။ ဒါက လက်ရှိမှာ နိုင်ငံတကာ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှု ဖြစ်စေပါတယ်။ ယခုလက်ရှိမှာ နိုင်ငံတကာအသိုင်းအဝိုင်းက ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုမှတဆင့် အပြန်အလှန်ယုံကြည်မှု၊ လူသားများရဲ့ ကံကြမ္မာတူအကျိုးတူ အသိုက်အဝန်း အတူတကွ တည်ဆောက်မှုများ အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပြီး ကပ်ရောဂါဖြစ်တာကို အခွင့်ယူ၍ ပဋိပက္ခများ၊ ရန်ငြိုးများနဲ့ တိုက်ခိုက်မှုများ လုပ်ဆောင်ဖို့ မဟုတ်ပါ။ အမေရိကန်နိုင်ငံတွင်းက နိုင်ငံရေးသမားတစ်ချို့ရဲ့ ဒီလိုရည်ရွယ်ချက်က ကမ္ဘာပေါ်ရှိ ဖြောင့်မတ်မှန်ကန်တဲ့ နိုင်ငံများနဲ့ ပြည်သူများရဲ့ ပြတ်သားစွာ ဆန့်ကျင်ခြင်းများကို ခံရမယ်။

 တရုတ်-မြန်မာနှစ်နိုင်ငံသည် အေးအတူပူအမျှ ညီအစ်ကို ဖြစ်ကြပြီး “အေးအတူ”၊ “ပူအမျှ” နဲ့ဆိုင်ရင် မိတ်ဆွေစစ် ဟုတ်မဟုတ်ကို ပိုပြီးစစ်ဆေးနိုင်ပါတယ်။ တရုတ်နိုင်ငံမှာ ကပ်ရောဂါခံစားရချိန်မှာ မြန်မာပြည်သူများက တရုတ်ပြည်သူများနဲ့ လက်တွဲကာ ပခုံးချင်းဖက်၍ အခက်အခဲများကို စည်းစည်းလုံးလုံး ရင်ဆိုင်ကျော်လွှားကြပါတယ်။ မြန်မာနိုင်ငံအစိုးရက ဝူဟန်အတွက် ဆန်တန်ချိန် (၂၀၀) လှူဒါန်းခဲ့ပြီး မြန်မာ့တပ်မတော်က တပ်မတော်လေယာဉ်နဲ့ ဝူဟန်အတွက် ကာကွယ်ရေးပစ္စည်းများ ပို့ဆောင်ပေးခဲ့တယ်။ မြန်မာနိုင်ငံ လူမှုနယ်ပယ်အသီးသီးကလည်း တရုတ်နိုင်ငံကို နည်းလမ်းအမျိုးမျိုးနဲ့ ကူညီပံ့ပိုးပေးခဲ့တယ်။ တရုတ်ပြည်သူများက မြန်မာမိတ်ဆွေညီအစ်ကိုများ တရုတ်နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရာမှာ ပေးခဲ့တဲ့ အဖိုးတန်တဲ့ ကူညီထောက်ပံ့မှုများကို အမြဲတမ်းအမှတ်ရနေမှာ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံမှာ ကပ်ရောဂါဖြစ်ပွားပြီးတဲ့နောက် တရုတ်နိုင်ငံလည်း လျင်မြန်စွာနဲ့ ကူညီမှုများပေးခဲ့တယ်။ ကာကွယ်ရေးပစ္စည်းများ တစ်သုတ်ပြီးတစ်သုတ် ရန်ကုန်ကို ပို့ပေးခဲ့တယ်။ တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့ကလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ မြို့ကြီးများ မှာရှိတဲ့ ကုသရေးဌာန၊ ဓာတ်ခွဲခန်းနဲ့ လူနာများကို အသွားအလာကန့်သတ်ထားတဲ့နေရာများသို့ သွားရောက်ပြီး အပြန်အလှန်ဆွေးနွေးမှုနဲ့ သင်တန်းများ ပြုလုပ်ခဲ့တယ်။ မြန်မာဘက်ကို တရုတ်နိုင်ငံက ကပ်ရောဂါကာကွယ်တိုက်ဖျက်တဲ့ အတွေ့အကြုံကောင်းများ မျှဝေပေးခဲ့တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်လုပ်ငန်းရှင်များလည်း ကာကွယ်ရေးပစ္စည်းများကို ရက်ရက်ရောရော လှူဒါန်းကြတယ်။ တရုတ် နိုင်ငံတွင်းက ပရဟိတအသင်းများနဲ့ လူမှုရေးအသင်းများကလည်း ကျွန်တော်တို့ကို ဆက်သွယ်၍ ကောင်စစ်ဝန်ချုပ်ရုံးမှတဆင့် မြန်မာနိုင်ငံက ကပ်ရောဂါတိုက် ဖျက်ရေးအတွက် ကူညီထောက်ပံ့မှုများ ပေးခဲ့တယ်။

 မန္တလေးမှာ ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးကို ကူညီဖို့အတွက် တရုတ်နိုင်ငံက မန္တလေးတိုင်းဒေကြီးအတွက် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲခန်းတစ်ခု လှူဒါန်းခဲ့ပါတယ်။ နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများနဲ့ ဒေသန္တရအစိုးရတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထူးလုပ်ငန်းအဖွဲ့က မိုင်ပေါင်းများစွာ ခရီးနှင်ပြီး တရုတ်နိုင်ငံက လှူဒါန်းတဲ့ စက်ပစ္စည်းကိရိယာများ သယ်ဆောင်ကာ မန္တလေးသို့ လာရောက်ခဲ့ကြတယ်။ (၃)ရက်တာအချိန်တိုအတွင်း အထက်မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ဓာတ်ခွဲခန်းကို တပ်ဆင်တည်ဆောက်ပြီးစီးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ် တို့အတွက် နည်းပညာရှင်(၃၀) ကျော်ကို သင်တန်းပေးခဲ့တယ်။ ကပ်ရောဂါပြီးပါက ဒီဓာတ်ခွဲခန်းသည် အထက်မြန်မာနိုင်ငံ အများပြည်သူကျန်းမာရေးအတွက် ဆက်လက်အရေးပါနေပါမယ်။

နိုင်ငံအကြားကီလိုမီတာ (၂၀၀၀)ကျော်ရှည်လျားတဲ့ နယ်နိမိတ်မျဉ်းပေါ်မှာ နှစ်နိုင်ငံသည် ကပ်ရောဂါကို ပူးပေါင်း ကာကွယ်၊ ပူးပေါင်းတိုက်ဖျက်ပြီး ကပ်ရောဂါကာကွယ်တိုက်ဖျက်မှုများကို စေ့စပ်သေချာစွာ ဆောင်ရွက်ခြင်းနဲ့  နယ်စပ်ကုန်သွယ်မှုကို ကာကွယ်ထိန်းသိမ်းခြင်းတို့မှာ နှောက်နှေးမှုမရှိ ဆောင်ရွက်ခဲ့တယ်။ ယူနန်ပြည်နယ်က တဖက်မှာ နယ်စပ်ဖြတ်ကျော်သွားလာနေတဲ့ လူဦးရေများကို လျော့ချ၍ နယ်စပ်ဒေသ ထိန်းချုပ်မှုမှာ တင်းကျပ်ကာ ပြင်ပမှရောဂါ ဝင်ရောက်ခြင်းကို ကာကွယ်ပြီး တဖက်မှာ ကျန်းမာရေး အချက်အလက်များ အချိန်မီပေးပို့ခြင်း၊ အစိမ်းရောင်လမ်းကြောင်းဖွင့်လှစ်ခြင်း၊ အကောက်ခွန်ကိစ္စရပ်များ လွယ်ကူမြန်ဆန်ခြင်း စတဲ့နည်းလမ်းများ ကျင့်သုံးခြင်းဖြင့် နယ်စပ် ကုန်သွယ်မှုတည်ငြိမ်ပြီး ပုံမှန်ဖြစ်ရေး ဆောင်ရွက်ပါတယ်။

ယခုလက်ရှိမှာ တရုတ်နဲ့မြန်မာ ညီအစ်ကို နှစ်နိုင်ငံသည် တစ်နိုင်ငံက ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး မှာ အောင်မြင်မှုများရရှိနေတဲ့ အခြေအနေဖြစ်ပြီး ကပ်ရောဂါအလွန် ဖြစ်ပေါ်နေတဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ဖို့တာဝန်ကို ထမ်းဆောင်နေရပါတယ်။ နောက်တစ်နိုင်ငံက ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးရဲ့ အရေးကြီးတဲ့အချိန်မှာ ရှိနေပါတယ်။ နှစ်ဦးနှစ်ဖက်သည် ဒီလိုအရေးကြီးတဲ့ အခြေအနေမျိုးမှာ လက်တွဲပြီး ကပ်ရောဂါကို ကာကွယ်တိုက်ဖျက်နေတာက တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး “အေးအတူပူအမျှ၊ အပြန်အလှန်ကူညီဖေးမပေး” ဆိုတဲ့ စိတ်ဓာတ်ကို သက်ဝင်လှုပ်ရှားစွာ ဖော်ပြနေပြီး တရုတ်-မြန်မာ ကံကြမ္မာတူအကျိုးတူအသိုက်အဝန်း “ကောင်းအတူ ဆိုးအတူ၊ စည်းလုံးညီညွတ်စွာပူးပေါင်း” ဆိုတဲ့ သဘောတရားကို ပြီးပြည့်စုံစွာ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ တစ်ကမ္ဘာလုံးလက်တွဲပြီး ကပ်ရောဂါကို တိုက်ဖျက်ဖို့နဲ့ ပြည်သူများရဲ့ကျန်းမာရေး ကာကွယ်စောင့်ရှောက်ဖို့အတွက် စံနမူနာပေးနိုင်ခဲ့တယ်။

 မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုက ဒီနှစ်ပိုင်းမှာ ၆ ရာခိုင်နှုန်းနဲ့ ၇ ရာခိုင်နှုန်းကြားမှာ ရှိပါတယ်။ အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးကြီးဆုံးအချိန်မှာ ရှိနေပါတယ်။ တရုတ်နိုင်ငံက တံခါးဖွင့်ဝါဒကျင့်သုံးလာတာ နှစ်ပေါင်း (၄၀)ကျော် ရှိနေပြီဖြစ်ပြီး စီးပွားရေးတွင် အောင်မြင်မှုများစွာ ဆွတ်ခူးနိုင်ခဲ့တာကို ကမ္ဘာက မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ သမ္မတ ရှီကျင့်ဖျင် ဇန်နဝါရီလမှာ မြန်မာနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး လာရောက်စဉ်က နှစ်ဦးနှစ်ဖက်မှ ရန်ကုန်မြို့သစ်စီမံကိန်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ တရုတ်-မြန်မာနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန် သုံးနေရာမှ ကျားကန်မှုကို တွန်းအားပေး ဖော်ဆောင်ရန် တညီတညွတ်တည်း သဘောတူညီခဲ့ကြပြီး အပြန်အလှန်ဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ဘဏ္ဍာရေး၊ လူမှုအကျိုးပြုလုပ်ငန်း စတဲ့ ကဏ္ဍများမှာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ တရုတ်-မြန်မာ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုမှတဆင့် ပြည်သူများ အကျိုးအမြတ်များများ ရရှိအောင် ဆောင်ရွက်ပေးပါမယ်။

 ယခုလက်ရှိမှာ နှစ်ဦးနှစ်ဖက်အတွက် အရေးကြီးဆုံးကတော့ စီးပွားရေးစင်္ကြံစီမံကိန်းကို စီမံကိန်းမှတစ်ဆင့် လက်တွေ့အကောင်အထည်ဖော်တဲ့အဆင့်ရောက်အောင် တွန်းအားပေးဖော်ဆောင်ရန် ဖြစ်တယ်။ အဲဒီထဲမှာ ကျောက်ဖြူစီမံကိန်းက တိုးတက်မှုရနိုင်မရနိုင်ဆိုတာက အဓိကအချက် ဖြစ်နေပါတယ်။ စီမံကိန်းကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ပြီး စီးပွားရေးစင်္ကြံနဲ့ချိတ်ဆက်မိပြီ ဆိုရင် မြန်မာနိုင်ငံအနောက်ပိုင်းဒေသများသည် အချိန်တိုတိုအတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှုများစွာ ရရှိနိုင်မယ်။ ဒါက နှစ်ဦးနှစ်ဖက် ပိုပြီးထိရောက်မှုရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်ခြင်း၊ စီမံကိန်းခွင့်ပြုမှုလုပ်ငန်းစဉ်များ မြန်ဆန် လွယ်ကူခြင်းများ လိုအပ်ပါတယ်။

 ယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍမှာ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ခရီးသွား အများဆုံးဝင်ရောက်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံက တရုတ်အစိုးရ ပညာတော်သင်ဆု လျှောက်ထားသူ (၇၀၀)ကျော်ရှိပြီး ဒီအရေအတွက်က အရင်နှစ်များနဲ့ နှိုင်းယှဉ်ရင် အများကြီးတိုးတက် လာတယ်။ ဒါပေမယ့် အခြားနိုင်ငံနဲ့ နှိုင်းယှဉ်ရင် တိုးတက်ဖို့ အများကြီးလိုပါသေးတယ်။ နှစ်နိုင်ငံပြည်သူများအကြား စိတ်သဘောထားတူညီမှုများ ပိုမိုအားကောင်းစေဖို့အတွက်၊ တရုတ်-မြန်မာ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” တည်ဆောက်ရာမှာ ပြည်သူများအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ချဖို့အတွက် နှစ်ဦးနှစ်ဖက်မှ နှစ်နိုင်ငံပြည်သူများအကြား ကူးလူးဆက်ဆံမှုများ ပိုမိုတိုးမြှင့်ရန် အားပေးသင့်တယ်။ တရုတ်လုပ်ငန်းရှင်များနဲ့ ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံဖို့နဲ့ လည်ပတ်ဖို့အတွက် ဆွဲဆောင်သင့်တယ်။

 သမ္မတရှီကျင့်ဖျင်က “တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်တဲ့ သမိုင်းရေစီးကြောင်းသည် မြစ်ဖျားခံရာတူညီတဲ့ တရုတ်နိုင်ငံမှ လန်ချန်းမြစ်နဲ့ မြန်မာနိုင်ငံမှ ဧရာဝတီမြစ်အတိုင်း တောတောင်အထပ်ထပ်ကို ဖြတ်သန်း၍ အခက်အခဲများကို ကျော်လွှားကာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံမှ ရှေးခေတ် နာမည်ကြီး ကဗျာဆရာကြီး Du Fu ရဲ့ကဗျာထဲမှာ “အသက် (၇၀)ရှိသူများသည် ရှေးခေတ်ကတည်းက ရှားပါးတယ်”လို့ ရေးသားထားတယ်။ နှစ်ပေါင်းထောင်ချီသမိုင်းရေစီးကြောင်းကို ဖြတ်ကျော်လာခဲ့တဲ့ တရုတ်-မြန်မာဆက်ဆံရေးအတွက်တော့ နှစ်(၇၀)ပြည့် တရုတ်-မြန်မာဆက်ဆံရေး သည် နေမင်းကြီးဆီသို့ ပြေးလွှားနေတဲ့ လူငယ်တစ်ယောက်နဲ့တူပြီး အနာဂတ်အတွက် မျှော်လင့်ချက်နဲ့ ယုံကြည်ချက် အပြည့်ရှိနေပါတယ်။ ကျွန်တော်သည် အားလုံးနဲ့ လက်ချင်းတွဲကာ အတူတကွ ကြိုးစားသွား မယ်။ မတူတဲ့နယ်ပယ်မှာ နှစ်နိုင်ငံမိတ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးအတွက် တွန်းအားပေးပြီး အလားအလာကောင်းများစွာရှိတဲ့ တရုတ်-မြန်မာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးသွားပါမယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Add a comment